Saturday, April 17, 2010

ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်”

0 comments
Posted on 4/15/2010 by Traveller
Mood: .
Tags: “ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်”

“ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်”ဆိုတဲ့
အခြေခံဥာဏ် အမြင်မှန်ကြီး ရှိဖို့လိုအပ်ပါတယ်။
ဒီနေရာမှာလည်း တခြားဘာသာများနဲ့ ဗုဒ္ဓဘာသာဟာ အရှေ့နဲ့ အနောက်၊ သမုဒ္ဒရာ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း၊
မြေပြင်နဲ့ မိုးကောင်းကင်လို ကွဲပြားခြားနားလှပါတယ်။

တခြားဘာသာဘုရားတွေက မင်းတို့လူသားတွေကို ငါကိုယ်တော်ဖန်ဆင်းထားတာလို့
ဟောတယ်။ ဂေါတမဗုဒ္ဓက တော့ မင်းတို့လူသားတွေကို ဖန်ဆင်းတာ “မင်းတို့ကိုယ်တိုင်ပဲ”လို့ ဟောပါတယ်။

သူတို့ဘုရားရှင်တွေဟာ “မေတ္တာရှင်၊ ဂရုဏာရှင်လည်းမှန်တယ်။ ဖန်ဆင်းတာလည်းမှန်တယ်ဆိုရင်” -
၁။ အသက်ရှည်တဲ့ သူတွေဖန်ဆင်းသင့်တယ်၊ အသက်တိုတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၂။ အနာရောဂါကင်းတဲ့သူတွေ ဖြစ်အောင်ဖန်ဆင်းသင့်တယ်၊ အနာရောဂါများတဲ့ သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၃။ ရုပ်လှတဲ့သူတွေ ဖြစ်အောင်ဖန်ဆင်းသင့်တယ်၊ ရုပ်ဆိုးတဲ့ သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၎။ အခြွေရံများတဲ့သူတွေ ဖြစ်အောင် ဖန်ဆင်းသင့်တယ်၊ အခြွေရံ နည်းတဲ့ သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၅။ ချမ်းသာတဲ့သူတွေ ဖြစ်အောင် ဖန်ဆင်းသင့်တယ်၊ ဆင်းရဲတဲ့ သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၆။ အမျိုးမြတ်သူတွေချည်း ဖြစ်အောင် ဖန်ဆင်းသင့်တယ်၊ အမျိုးယုတ်တဲ့ သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၇။ ဥာဏ်ကောင်းသူတွေချည်း ဖြစ်အောင် ဖန်ဆင်းသင့်တယ်၊ ဥာဏ်ထိုင်းတဲ့ သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
ဒီမေးခွန်တွေကို ထောက်ဆကြည့်ရင် လူသားတွေကို တန်ခိုးရှင်တဦးဦးက
ဖန်ဆင်းတာမဟုတ်ကြောင်း ထင်ရှားပါတယ်။

လူသားတွေဟာ မိမိကိုယ်မိမိ ဘယ်လိုဖန်ဆင်းခဲ့သလဲဆိုတာကို ဘုရှင်းရှင်က သပရိပဏ္ဏာသပါဌိတော်၊
စူဠကမ္မ၀ိဘင်္ဂသုတ်မှ အခုလိုဟောထားပါတယ်။
၁။ သူ့အသတ်ကို သတ်သူမှာ အသက်တိုပြီး၊ မသတ်ပဲရှောင်ကြဉ်သူများမှာ အသက်ရှည်ပါတယ်။
၂။ သူတပါးကို ညှင်းဆဲသူများ အနာရောဂါများပြီး၊ သနားစောင့်ရှောက်သူများ အနာရောဂါကင်းပါတယ်။
၃။ ဒေါသကြီးသူများ ရုပ်ဆိုးပြီး၊ မေတ္တာထားသူများ ရုပ်လှပါတယ်။
၎။ ကိုယ့်ထက်သာတာကို မနာလိုသူများ အခြွေရံနည်းပြီး ၊ ကိုယ့်ထက်သာတာကို ၀မ်းမြောက်သူများ အခြွေရံများပါတယ်။
၅။ မပေးလှုသူများ ဆင်းရဲပြီး၊ ပေးလှုသူများချမ်းသာပါတယ်။
၆။ အသက်သိက္ခာ ဂုဏ်ဝါကြီးသူများကို မရိုသေသူများအမျိုးယုတ်ပြီး၊ ရိုသေသူများ အမျိုးမြတ်ပါတယ်။
၇။ မသိတာကိုမေးမြန်းသူများ ဥာဏ်ကောင်းပြီး၊ မသိတာကိုမမေးမြန်းသူများ ဥာဏ်ထိုင်းပါတယ်။
ဒီအမေး ဖြေတွေကိုကြည့်ပြီး ဗုဒ္ဓဘာသာလူငယ်များပြတ်သားစွာယုံကြည်ထားရမှာက
“အိမ်ထောင်ရေး၊စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး ကိစ္စတွေ အဆင်ပြေတာက
ကုသိုလ်ကံကြောင့်ဖြစ်ပြီး အဆင်မပြေတာဟာအကုသိုလ်ကံကြောင့်”ဆိုတဲ့ အချက်ပါပဲ။

အကျယ်ချဲ့ပြီး သိသင့်တာက-
၁။ မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ယူဆရင် “ဗြဟ္မဏ၀ါဒ”(ဟိန္ဒူဝါဒ)။
အလုပ်ကြိုးစားခြင်း ကုသိုလ်ရှိခြင်းကြောင့် ချမ်းသာတယ်လို့ယူဆရင် “ဗုဒ္ဓ၀ါဒ”။
၂။ ဖွတ်တက်လို့ ဠင်းတနားလို့ ဆင်းရဲတယ် ခိုက်တယ်လို့ယူဆရင် “ဗြဟ္မဏ၀ါဒ”။
အလုပ်မလုပ်လို့ နှစ်လုံး သုံးလုံး လောင်းကစားလို့၊ အကုသိုလ်ရှိလို့ဆင်းရဲတယ်ယူဆရင် “ဗုဒ္ဓ၀ါဒ”။
၃။ လက်ယပ်ခေါ်တဲ့ အရုပ်လေးရှိလို့၊ ပုလင်းအစိမ်းထဲမှာ နှင်းဆီပွင့်စိုက်ထားလို့၊ ပိုက်ဆံနဲ့ပုံဖော်ထားတဲ့
ဇီးကွက်ရုပ်(လာဘ်ခေါ်အဆောင်ကဒ်ပြား)ရှိလို့ ဈေးရောင်းကောင်းတာလို့ယူဆရင် “ဗြဟ္မဏ၀ါဒ”။
ဝီရိယ၊ ဥာဏ်ယှဉ်၊ စေတနာ မေတ္တာထားလို့ ဈေးရောင်းကောင်းတယ် ယူဆမှ “ဗုဒ္ဓ၀ါဒ”။
၎။ ရက်ရာဇာမှကောင်းကျိုးပေးပြီး ပြသဒါးကမကောင်းကျိုးပေးတယ်လို့ ယူဆရင် “ဗြဟ္မဏ၀ါဒ”။
ကုသိုလ်ကကောင်းကျိုးပေးပြီး အကုသိုလ်က မကောင်းကျိုးပေးတယ် လို့ယူဆမှ “ဗုဒ္ဓ၀ါဒ”။
၅။ စနေ၊ တနင်္ဂနွေ အစရှိသောဂြိုဟ်တွေက ကောင်းကျိုးပေးတယ်လို့ ယူဆရင် “ဗြဟ္မဏ၀ါဒ”။
ကုသိုလ်ကကောင်းကျိုးပေးပြီး အကုသိုလ်က မကောင်းကျိုးပေးတယ်လို့ ယူဆမှ “ဗုဒ္ဓ၀ါဒ”။
၆။ ခရီးသွားတဲ့အခါ နဂါးလှည့် သင့်မှု၊ မသင့်မှုကြောင့်ကောင်းကျိုး၊ ဆိုးကျိုးပေးတယ်လို့ ယူဆရင် “ဗြဟ္မဏ၀ါဒ”။
ကုသိုလ်ကကောင်းကျိုးပေးပြီးအကုသိုလ်က မကောင်းကျိုးပေးတယ်လို့ ယူဆမှ “ဗုဒ္ဓ၀ါဒ”။
၇။ စုံဂဏန်း၊ မဂဏန်း၊ ၁၃ ဂဏန်း၊ ကိုးဂဏန်းတွေက ကောင်းကျိုး၊ဆိုးကျိုးပေးတယ်လို့ ယူဆရင် “ဗြဟ္မဏ၀ါဒ”။
ကုသိုလ်ကကောင်းကျိုးပေးပြီး အကုသိုလ်က မကောင်းကျိုးပေးတယ်လို့ ယူဆမှ “ဗုဒ္ဓ၀ါဒ”။
၈။ အသုဘယာဉ်ကို ကျောင်းဝိုင်းထဲ အိမ်ဝိုင်းထဲထားရင်၊ မြို့ပြင်ရွာပြင်မှာဆုံးတဲ့ အလောင်းကို မြို့ထဲ ရွာထဲပြန်သွင်းရင် မြို့ခိုက်တယ်၊
ရွာခိုက်တယ်လို့ ယူဆရင် “ဗြဟ္မဏ၀ါဒ”။
ထိုအကြောင်းများကြောင့် မြို့မခိုက် ရွာမခိုက်ဘူးလို့ ယူဆရင် “ဗုဒ္ဓ၀ါဒ”။
၉။ အလောင်းကိုင်တာချင်းတူပါလျှက် သုဘရာဇာကို အဝေးမှရှောင်ပြီး ဆရာဝန်ဖြစ်မယ့်သူကို သားသမက်ဖမ်းခြင်းသည် “ဗြဟ္မဏ၀ါဒ”။
အယူအစွဲမရှိပဲ နှစ်ဦးလုံးတန်းတူဆက်ဆံခြင်းသည် “ဗုဒ္ဓ၀ါဒ”။
၁၀။ ဒက္ခိဏသာခါ ရုပ်ပွားကို ကိုးကွယ်လျှင် မီးကွင်းသည်။ ဆင်းစီးမြင်းရံဘုရားကို ကိုးကွယ်လျှင် စီးပွားတက်သည်။
ဇမ္ဗုပတိချွတ်ခန်း(မကိုဋ်စလွယ်ဆင်)ဘုရားကို ကိုးကွယ်လျှင်ရာထူးတက်သည် ဟုယူဆပြီးကိုးကွယ်လျှင် “ဗြဟ္မဏ၀ါဒ”။
ဒက္ခိဏသာခါ ရုပ်ပွားပုံထုလုပ်လျှင် ဗုဒ္ဓ၏သပ္ပါယ်သောရုပ်လက္ခဏာကိုဖျက်ဆီးရာရောက်ပြီး ဆင်စီးမြင်းရံဘုရားကို
ထုလုပ်လျှင် ဘုရားရှင်၏ မဟာဂရုဏာကို ပြက်ရယ်ပြုရာရောက်သည်။ မကိုဋ်စလွယ်ဆင်ရုပ်ပွားကိုထုလျှင်
ရဟန်းတစ်ပါးကို ယုတ်နိမ့်သောလူ အ၀တ်အစားများဖြင့် ၀တ်ဆင်ပေးရာရောက်သည်ဟု တွေးခေါ်မျှော်မြင်ပြီး
ထိုပုံမျိုးကို မကိုးကွယ်ပဲ ရဟန်းနှင့်တူသော ရုပ်ပွားတော်ကိုသာ ကိုးကွယ်ခြင်းသည် “ဗုဒ္ဓ၀ါဒ”။
၁၁။ တန်းခိုးရှိသော ရုပ်ပွားစေတီကို ရှိခိုးပူဇော်လျှင် ကောင်းကျိုးများများရသည် ၊ တန်ခိုးမရှိသော ရုပ်ပွားစေတီကို
ရှိခိုးပူဇော်လျှင် ကောင်းကျိုးနည်းနည်းသာရသည်ဟု ယူဆလျှင် “ဗြဟ္မဏ၀ါဒ”။
ရုပ်ပွားစေတီက အဓိကမဟုတ် မိမိစေတနာကသာ အဓိကဖြစ်သည်။
စေတနာအကြီးအသေးက ကောင်းကျိုးအကြီးအသေးကိုဖြစ်စေသည်ဟု ယူဆလျှင် “ဗုဒ္ဓ၀ါဒ”။
၁၂။ လူသေပြီး ၇ ရက်လည်မှအိမ်မှ ထွက်သည်ဟုယူဆလျှင် “ဗြဟ္မဏ၀ါဒ”။
ခုတိနောင် ပဋိသန္ဓေဖြစ်သည်၊ သို့မဟုတ် သေပြီးစက္ကန့်မခြားပဲ နောင်ဘ၀သစ်တွင် ချက်ချင်းဖြစ်သည်ဟု ယူဆလျှင် “ဗုဒ္ဓ၀ါဒ”။
၁၃။ မိမိကောင်းစားချမ်းသာဖို့ အဓိကထားပြီးလှုလျှင် “ဗြဟ္မဏ၀ါဒ”။
အလှုခံပုဂ္ဂိုလ်ချမ်းသာဖို့ အဓိကထားပြီးလှုလျှင် “ဗုဒ္ဓ၀ါဒ”။
၁၄။ ၀ါတွင်းကာလတွင် အိမ်မပြောင်းကောင်းဟု ယူဆလျှင် “ဗြဟ္မဏ၀ါဒ”။
အဆင်ပြေသည့်အချိန်တွင် ပြောင်းကောင်းသည်ဟု ယူဆလျှင် “ဗုဒ္ဓ၀ါဒ”။
၁၅။ လက္ခဏာတွင် အာယုလမ်းကြောင်း ရှည်သောကြောင့် အသက်ရှည်သည်။
အာယုလမ်းကြောင်းတိုသောကြောင့် အသက်တိုသည်ဟု ယူဆလျှင် “ဗြဟ္မဏ၀ါဒ”။
သူ့အသက်ကို မသတ်ခြင်း သူတပါးအသက်ကို ရှည်ခွင့်ရအောင် ဆေးဝါးလှုဒါန်းခြင်းဟူသော ကုသိုလ်၊
ထို့ကြောင့် အသက်ရှည်သည်။ သူတပါး အသက်ကိုသတ်ခြင်း အကုသိုလ်ကြောင့်အသက်တိုသည် ယူဆလျှင် “ဗုဒ္ဓ၀ါဒ”။
အာယုလမ်းကြောင်းသည် သင်္ကေတ နိမိတ်သာဖြစ်သည်။
အထက်ပါအကြောင်းအရာ များကား “လူငယ်တစ်ယောက် ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်စေဖို့”
အတွက် “အခြေခံလိုအပ်ချက်များ”ဖြစ်ပါတယ်။

ပြင်ဆင်ဖြည့်စွက် ဝေမျှလိုက်ပါသည်...
Dennis {Traveler} (ခေတ္တ - လူ့ပြည်)
ကျွန်တော်လဲဒီပို့စ်ကိုသဘောကျလို့မျှဝေလိုက်တာပါ(နန္ဒသူ)

0 comments:

Post a Comment